Sunday, March 4, 2012

ဗုဒ္ဓါနုဿတိ လင်္ကာ



လက္ခဏာတော် ကြီးငယ် အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ ကိုယ်အင်္ဂါဝယ်၊

ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ……

သယမ္ဘူဟု ဥာဏ်တူကင်းလတ် အရဟတ်ဖြင့်၊

သတ်ဖြတ်ခပင်း ကိလေရှင်းသား…..

ဥာဏ်ရင်းမဟာ ကရုဏာနှင့် သမ္မာသမ္ဗောဓိ အစရှိလတ်၊

ဥာဏ်တော်မြတ်၏ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ်ဝယ်၊

ဘွဲ့တော်ဗုဒ္ဓတင်ပါရသည်……လောကထွဋ်ထား မြတ်ဘုရား။


[စာမျက်နှာ-၃၊ အရှင်ဇနကာဘိဝံသ-ဗုဒ္ဓါနုဿတိဘာဝနာ]
အကျဉ်းချုပ်အဓိပ္ပါယ်

လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် အသပ္ပါယ်ဆုံးလည်းဖြစ်ခြင်း။
ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း၌ ကောင်းမှုပါရမီတော်တို့က လွှမ်းခြုံ၍ မွှမ်းထုံထားခြင်း။
ရာဂ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့ကို သတ်ဖြတ်နိုင်သော အရဟတ္တမဂ်ဥာဏ်တော်ကို ရခြင်း။
သတ္တ၀ါတို့၏ အပေါ်၌ သနား ကြင်နာကရုဏာကြီးမားခြင်း။
အလုံးစုံကို အကုန်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ကို ရခြင်း။

ဤဂုဏ်တော်တို့၏ ကိန်းဝပ်စံပျော်ရာ ခန္ဓာကိုယ်ပေါ်၌သာဗုဒ္ဓဟု ဘွဲ့နာမည်တော်ကို တင်ထိုက်ပါသည်။
ထို့သို့ဗုဒ္ဓဘွဲ့နာမည်တော် တင်ထိုက်သော ယောကျာ်းမြတ်သည်သာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ အထွဋ်အထိပ်ထားရသော မြတ်ဘုရား ဖြစ်၏။

[ဤအဓိပ္ပါယ်ကို ဖတ်မှတ်၍ပြီးသောအခါ..တလောကလုံး၏ ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာကို မှန်းဆ အာရုံပြု၍ လက်အုပ်ချီကာ ဖော်ပြခဲ့ပြီးသော လင်္ကာကို ရွတ်ဖတ်၍ ဂုဏ်တော်ပွားလိုက်လျင် အားရဖွယ်ကောင်း အရသာပို၍ ရှိပါလိမ့်မည်။]

ဒီလင်္ကာလေးက..ဗုဒ္ဓါနုဿတိဘာဝနာ (အရှင်ဇနကာဘိဝံသ) စာအုပ်လေးထဲက..ကျွန်တော် ဖတ်မှတ်ထားတာဖြစ်ပါတယ်။
ကျွန်တော် ဂုဏ်တော်ပွားတဲ့အခါ..ဒီလင်္ကာလေးကို ရွတ်ဖတ်ပြီး ဗုဒ္ဓမြတ်စွာကို အာရုံပြုပါတယ်။
ပြီးတော့မှ

ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
ဗြဟ္မာ နတ် လူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
မဟာကာရုဏိကော- သနားခြင်းကြီးစွာ မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
ဘုန်းတော် စုံ၊ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
သစ္စာ ၄ပါး၊ တရားအလုံးစုံကို ကိုယ်တော်တိုင် မှန်ကန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၊…..

စသဖြင့်ပေါ့….ကိုယ်သိထား၊ မှတ်ထားတဲ့..ဗုဒ္ဓ ဂုဏ်တော်တွေကို မြန်မာလိုလေး ပွားများပါတယ်။

ဒီလိုလေး ပွားများလိုက်ရင်..ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဒ္ဓါစိတ်တွေ အရင်ထက် ပိုအားကောင်းလာမယ်..
ပြီးတော့ ဘယ်လိုဦးတည်ချက်နဲ့ ဘုရားကို ကိုးကွယ်နေရတာလည်းဆိုတာ ပိုသိလာမယ်..လို့ ကျွန်တော်ယုံကြည်တယ်။
မြတ်စွာဘုရားကို ကိုးကွယ် ပူဇော်နေရခြင်း အကြောင်းဟာ..လောကီ စည်းစိမ် ရာထူးတွေအတွက် ဆုတောင်းဖို့ရာမဟုတ်ဘူး။
ကျွန်တော်တို့အတွက် သစ္စာ ပါးတရားတော်တွေကို ဟောပြောပေးထားခဲ့တဲ့ ကျေးဇူးတော်ကို အောက်မေ့ သတိရခြင်းနဲ့..
ကိုးကွယ် ပူဇော်နေရတာပါပဲ။
ကိုယ်ကံကောင်းဖို့ရာအတွက်ပဲ ဘုရားကို ပူဇော်နေခြင်းဟာ..ကိုယ့်အတွက် သာသနာပ ဆန်သွားမယ်၊
အဲလိုမဟုတ်ပဲတလောကလုံးအား.. သစ္စာတရားတွေ သိစေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားအဖြစ် ပူဇော်လိုက်မယ်ဆိုရင်..
ကိုယ်ဟာ.သာသနာတွင်းလူ ဖြစ်နေမှာပဲ။

ကိုယ့်အတွက် သာသနာတွင်း ဖြစ်ဖို့ရန်၊
မြတ်စွာဘုရားကို ပူဇော်နေခြင်းဟာ..အရင်ထက် ဦးတည်ချက်မှန်ကန်အောင် ဒီ ဗုဒ္ဓါနုဿတိဘာဝနာ လင်္ကာလေးကို ဖော်ပြလိုက်ပါတယ်။



No comments:

Post a Comment