ငါ့အား ဖုံးလွှမ်းသော လကွယ်သန်းခေါင်
ဤမိုက်မှောင်တွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို
ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး၊
ကံတရား၏ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။
ညွတ်ကားမညွတ်။
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်မက်ဖွယ်ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား
မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရောက်ရာတံခါးဝသည်
မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို
မည်မျှများစွာ မှတ်သားထားသည်ဖြစ်စေ
ငါကား ဂရုမပြု။
ငါသာလျှင် ငါ့ကံ၏အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏
အကြီးအကဲဖြစ်သတည်း။
(အောင်ဆန်း)